သိထားသင့်တဲ့ ပုလဲအမျိုးအစားများ

🤍 ပုလဲလေးတွေဟာ အဖိုးတန်ကျောက်မျက်ရတနာတွေများအထဲမှ သက်ရှိသတ္တဝါက ရရှိပြီး သွေးစရာမလိုတဲ့ သဘာဝရဲ့ ရတနာစစ်စစ်လေးတွေပဲ ဖြစ်ပါတယ်။ ပုလဲမှာ သဘာဝအတိုင်း တွေ့ရှိရတဲ့ပုလဲ နဲ့ သေချာစနစ်တကျမွေးမြူပြီးမှ ရရှိတဲ့ပုလဲဆိုပြီး (၂) မျိုးရှိပြီး သဘာဝအတိုင်း ပုလဲကို ရရှိဖို့က အရမ်းကိုရှားပါးပြီး ခက်ခဲပါတယ်။

🤍 မွေးမြူပြီး ထုတ်ယူရတဲ့ ပုလဲလေးတွေကို ရေငန်ပုလဲနဲ့ ရေချိုပုလဲဆိုပြီး (၂) မျိုးခွဲနိုင်ပါတယ်။ ရေငန်ပုလဲကိုတော့ (၃) မျိုး ထပ်ခွဲနိုင်ပါတယ်။ ရေငန်ပုလဲတွေကတော့ တောင်ပင်လယ်ပုလဲ၊ ဂျပန်အာဂိုယာပုလဲနဲ့ ပုလဲနက်တို့ ဖြစ်ပါတယ်။

🤍 တောင်ပင်လယ်ပုလဲ
တောင်ပင်လယ်ပုလဲတွေကတော့ ဩစတေးလျ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့မှာ တွေ့ရှိရပြီး အရောင်အားဖြင့် အဖြူရောင်၊ ငွေရောင်နဲ့ ရွှေရောင်ဆိုပြီး ကမာအမျိုးအစားပေါ်မူတည်ပြောင်းလဲနိုင်ပါတယ်။ ပြီးတော့ တောင်ပင်လယ်ပုလဲတွေက ပုံမှန်ပုလဲတွေထက် ပိုကြီးပြီး ဈေးကွက်ထဲမှာ တွေ့ရှိရတဲ့ ပုလဲအရွယ်အစားရရှိဖို့ကိုတော့ ၂ နှစ်ကနေ ၄ နှစ်အထိ အချိန်ပေးရပါတယ်။

🤍 အာဂိုယာပုလဲ
အာဂိုယာပုလဲတွေကတော့ သူရဲ့ ခရင်ရောင်နဲ့ အဖြူရောင်ကြောင့် နာမည်ကျော်ကြားလူကြိုက်များပါတယ်။ များသောအားဖြင့် အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံများမှာ နာမည်ကျော်ကြားပြီး ဂန္ဓဝင်ပုလဲဆိုပြီး ခေါ်ဆိုသမုတ်ကြပါတယ်။ အာဂိုယာပုလဲတွေက ညီညာလွန်းတာကြောင့် ပုလဲဆိုတာနဲ့ ပြေးမြင်ရလောက်အောင် သိကြတဲ့ ပုလဲပုတီးတွေကို အာဂိုယာပုလဲနဲ့ ဖန်တီးကြပါတယ်။ ဈေးကွက်ထဲက အာဂိုယာပုလဲများကိုတော့ ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံမှ အဓိကမွေးမြူထုတ်လုပ်ပေးနေပါတယ်။

🤍 ပုလဲနက် ( Tahitian Pearls )
ပုလဲနက်တွေကိုတော့ အင်ဒိုပစိဖိတ်ဒေသမှာ အဓိကတွေ့ရှိရပါတယ်။ Pinctada margaritifera လို့ ‌ခေါ်တဲ့ Black-lip မုတ်ကောင်တွေကနေ ရရှိပါတယ်။ ပုလဲနက်တွေကို တဟီသီပုလဲလို့လည်း ခေါ်ကြပါသေးတယ်။ အကြောင်းကတော့ ပြင်သစ်လက်အောက်ခံ တဟီသီကျွန်းကနေ အဓိကရရှိနေတာကြောင့် ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဒုတိယဈေးအကြီးဆုံးပုလဲဖြစ်ပြီးတော့ အနက်ရောင်အပြင် မီးခိုးရောင်၊ အညိုရောင်၊ နဲ့ ဒေါင်းမြီးရောင်လိုမျိုး အစိမ်းရောင်မျိုးအထိ အရောင်ခပ်ပျော့ပျော့တွေနဲ့ ဆွဲဆောင်နိုင်တဲ့ ရေငန်ပုလဲတစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံ မြိတ်ကျွန်းစုက ရရှိတဲ့ပုလဲတွေကလည်း ရေငန်ပုလဲအမျိုးအစားထဲမှာ ပါဝင်ပါတယ်။

🤍 ရေချိုပုလဲ
ရေချိုပုလဲတွေကတော့ ဈေးကွက်ထဲမှာ အတွေ့အများဆုံးပုလဲဖြစ်ပြီး ဈေးသက်သာတာကြောင့် လက်ဝတ်ရတနာခတ်လုပ်သူတွေရော ဝတ်ဆင်သူတွေပါ သဘောကျနှစ်ခြိုက်ကြတဲ့ ပုလဲအမျိုးအစားဖြစ်ပါတယ်။ ရေချိုကန်များနှင့် ကန်များတွင် မွေးမြူကြပြီး ကမာတစ်ကောင်တွင် ပုလဲများစွာ ရရှိနိုင်တောကြောင့် စီးပွားရေးအရ တွက်ခြေကိုက်တဲ့ ပုလဲမွေးမြူမှုမျိုး ဖြစ်ပါတယ်။ ရေချိုပုလဲတွေကိုတော့ တရုတ်နိုင်ငံက အဓိက မွေးမြူထုတ်လုပ်ပေးနေပါတယ်။

ဇွန်လဖွားလေးတို့ရဲ့ အဆောင် ပုလဲ အမျိုးအစားတွေအကြောင်း မင်မင်က ဗဟုသုတရစေဖို့ မျှဝေပေးလိုက်ပါတယ်နော်။

Related Posts